Sunday, May 1, 2011

ဇာတ်ဆရာ..........၂

တကယ်ဆို
ဇာတ်ဝင်ခန်းအစမှာကတည်းကိုက
နားထင်ကိုသေနတ်နဲ့ထောက်
ရဲရဲတောက်သတ်သေပစ်လိုက်တဲ့အခန်းနဲ့စခဲ့သင့်တယ်။
ခုတော့ ………
ကတိကဝတ်မပါသောငရဲများစွာနဲ့ခင်းကျင်းနေထိုင်
မျက်ရည်မဲ့နာကျင်သွေ့ခြောက်အက်ကွဲ
ဇာတ်ဆရာငနဲကလည်း မိန့်မိန့်ကြီးထိုင်လို့
ငါတို့က သူ့ရှေ့စစ်တုရင်ခုံပေါ်က
နယ်ရုပ်ကလေးတွေမို့လို့လား
သွားစမ်းပါ…………….
သေရာပါအမာရွတ်တွေပြန်ပြန်စမ်း
သေပြီးရင်းသေနေရတဲ့အခန်းတွေ
ရပ်တန်းကရပ်သင့်နေပြီ။
ငရမန်ကန်း
ဥဒုမ္မရဒေဝီ
ယုဒရဲ့အနမ်း
အင်ကြင်းပန်းတွေနဲ့စူဠသုဘဒ္ဒါ
ရာဇဝင်တွေပြန်ပြန်လှည့်လာဆဲ
မွဲပြာပုဆိုးတွေလည်း စုတ်ပြဲလို့။
မမြင်ရသောသွေးစက်တွေကညှီတယ်
နံနက်ခင်းအသစ်စက်စက်တွေက မီးခိုးတလူလူနဲ့
ဘယ်သူဟာကယ်တင်ရှင်မှန်းမသိနိုင်တဲ့ဇာတ်
ဝါဝါလက်*တွေလိုအဆက်မပြတ်ငိုကြွေးနေရမှာတဲ့လား။
ဒီမှာ ဇာတ်ဆရာ
ခင်ဗျားသဘောတူညီမှုမပါလည်း
လက်ထဲမှာ သေနတ်တစ်လက်ရှိနေခဲ့ပြီဆိုပါတော့..
ကိုယ့်ကိုယ်ကို ရုပ်သိမ်းငြိမ်းမှုတ်
နိဂုံးချုပ်ပစ်လိုက်ရမှာ
ရယ်စရာတော့မကောင်းမှာသေချာတယ်...

No comments:

Post a Comment