Sunday, May 1, 2011

အချစ် နှင့် ဆား

ပုံပြင်တစ်ပုဒ်မှာ ဘုရင်တစ်ပါးဟာ လောကမှာရှိတဲ့ အစားအစာတွေရဲ့အရသာကို မြည်းစမ်းကြည့်ပြီးနောက် ဘယ်အစားအစာက အရသာအရှိဆုံးလဲလို့ မှူးမတ်တွေကို ရုတ်တရက်မေးမြန်းလိုက်တယ်။ မှူးမတ်တွေဟာ ဘုရင်စိတ်ကျေနပ်လောက်တဲ့ အဖြေမျိုးကို မပေးနိုင်ခဲ့ဘူး။ အဲဒီလိုနဲ့ ဘုရင်ဟာ အရသာအရှိဆုံးအရာကို ရှာတွေ့နိုင်ဖို့ တိုင်းသူပြည်သားတွေထဲ လှည့်လည်မေးမြန်းခဲ့တယ်။ နောက်ဆုံးမှာ ဘုရင်ဟာ ပညာရှိတစ်ဦးနဲ့တွေ့ဆုံပြီး ပညာရှိက လောကမှာ အရသာအရှိဆုံးအရာဟာ "ဆား" ဖြစ်ပါတယ်လို့ ဖြေခဲ့တယ်။ ဆားမပါရင် ဘယ်လောက်ပဲတန်ဖိုးကြီးတဲ့ အစားအစာပဲဖြစ်ဖြစ် အရသာမရှိပါဘူးလို့ ဆိုပါတယ်။

အချစ်ဆိုတာကလည်း ဆားနဲ့တူပါတယ်။ အချစ်ကြောင့်ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းတွေဟာ ဆားနဲ့တူပါတယ်။

ချက်ပြုတ်ရမှာ ဆားဟာ အရေးပါဆုံးဖြစ်တယ်။ ချို၊ ချဉ်၊ ငန်၊ စပ် အရသာတွေမှာ ဆားမပါလို့ မဖြစ်သလို အချစ်မရှိတဲ့ဘဝဟာလည်း အရသာမဲ့ပါတယ်။ ဆားမှာပါတဲ့ ဆိုဒီယံဂရိုရိုဒ်ဓာတ်ဟာ လူ့ခန္ဓာကိုယ်ကို ကျန်းမာစေပြီး နေ့စဉ်အနည်းငယ်ဆီ လိုအပ်တဲ့အရာဖြစ်တယ်။ ဆားဓာတ်ဟာ ခန္ဓာကိုယ်ကို ပြည့်ဝတဲ့အင်အားတွေ ဖြည့်ပေးပြီး ကျွန်တော်တို့ခန္ဓာကိုယ်တွင်းက ရေနဲ့သွေးကို ညီမျှအောင် ညှိပေးပါတယ်။

အချစ်ဆိုတာ ကျွန်တော်တို့လိုအပ်တဲ့ နောက်ထပ်ဆားတစ်မျိုးဖြစ်တယ်။ အချစ်ဟာ ကျွန်တော်တို့ကို အင်အားဖြစ်စေတယ်။ ကျွန်တော်တို့ရဲ့ စိတ်နှလုံး၊ ခန္ဓာကိုယ်ကို လှုပ်ရှားပျော်ရွှင်စေပါတယ်။ တကယ်လို့ ကိုယ်တွင်းမှာ ဆိုဒီယံဂရိုရိုဒ်ဓာတ်လျော့နည်းသွားရင် အစာစားလိုစိတ်မရှိ၊ ခြေလက်တွေ အင်အားမဲ့ပြီး ခေါင်းမူးအော့အန်တတ်တယ်။ သွေးခုန်နှုန်းလျော့နည်းတတ်ပါတယ်။ ဒါဟာ အသည်းကွဲချိန် ခံစားရတဲ့ဝေဒနာနဲ့ တူပါတယ်။

သာမန်ဟင်းချက်ဆားမှာ တခြားပစ္စည်းတစ်မျိုးဖြစ်တဲ့ အိုင်အိုဒင်းကို တင့်သင့်တဲ့ပမာဏနဲ့ ပေါင်းထည့်ထားပါတယ်။ အိုင်အိုဒင်းဟာလည်း လူ့ခန္ဓာကိုယ်မှာ လိုအပ်တဲ့အရာဖြစ်တယ်။ သူ့ကို "ဉာဏ်ပညာလိုအပ်ချက်"လို့ တင်စားကြတယ်။ အိုင်အိုဒင်းဓာတ်လျော့နည်းရင် ဦးနှောက်ဖွံ့ဖြိုးမှုကို တုံ့နှေးစေပြီး လည်ပင်းကြီးနာရောဂါကို ဖြစ်ပွားစေပါတယ်။

တစ်ခါတလေ အချစ်ဟာလည်း လူကို မူးနောက်ရူးသွပ်စေပြီး အပြုအမှုကို ကြမ်းတမ်းစေပါတယ်။ ဒီလိုအချိန်မျိုးမှာ အချစ်ကြောင့် မရူးသွပ်အောင် အိုင်အိုဒင်းကို ကျွန်တော်တို့ လိုအပ်ပါတယ်။

နောက်အရာဝတ္ထုတစ်မျိုးက ဇင့်(Zn)ဖြစ်တယ်။ ဇင့်ဟာ ရောဂါပိုးမွှားတွေကို ကာကွယ်ပေးတယ်။ လွန်ကဲတဲ့အချစ်ဟာ အဆိပ်တစ်မျိုးနဲ့တူပါတယ်။ လူအများဟာ အချစ်ကြောင့် အမုန်းတွေဖြစ်ခဲ့ရပြီး အချစ်ကြောင့် ကြေကွဲဝမ်းနည်းခဲ့ရတယ်။ အလွမ်းဇာတ်တွေဖြစ်ခဲ့တာဟာ ရောဂါကိုကာကွယ်တဲ့ဓာတ် မလုံလောက်ခဲ့လို့ဖြစ်တယ်။

ကျွန်တော်တို့ဟာ ဟင်းချက်ဆားထဲ ကယ်ဆီယံဓာတ်ကို ရောပါသေးတယ်။ ကယ်ဆီယံချိုတဲ့ရင် အရိုးပွရောဂါဖြစ်တတ်ပါတယ်။ ရူးသွပ်မိုက်မဲတဲ့ အချစ်မှာ ယောက်ျားတစ်ချို့ဟာ ယောက်ျားမပီသတော့တာ၊ မပိုင်နိုင် မပြတ်သားနိုင်တော့တာမျိုး တွေ့ရသလို မိန်းကလေးတစ်ချို့ဟာ သည်းမခံနိုင်တာ၊ မာနကြီးစိတ်ကြီးဝင်တာ၊ အထက်စီးဆန်တာ၊ ဟန်အမှုအရာပိုတာမျိုး ရှိတတ်ကြတယ်။ ဒါဟာ အချစ်ဆိုတဲ့ ဆားထဲမှာ ကယ်ဆီယံဓာတ်ချို့တဲ့နေလို့ဖြစ်တယ်။

အထက်က အရာဝတ္ထုတွေဟာ အချစ်ကို ထာဝရတည်မြဲဖို့၊ ကြာရှည်ခိုင်မာဖို့ မရှိမဖြစ် လိုအပ်တဲ့အရာတွေဖြစ်တယ်။

လူတိုင်းက ကိုယ့်ဘဝတစ်သက်မှာ ကြီးကျယ်မြင့်မြတ်တဲ့၊ ရာဇဝင်တင်လောက်တဲ့အချစ်မျိုးနဲ့ ဆုံဖို့ မျှော်လင့်ခဲ့ကြမယ်။ ဒါပေမယ့် ဒီလိုအချစ်မျိုးက တွေ့ကြုံလို့ရနိုင်တယ်။ တောင့်တရုံနဲ့တော့ မရနိုင်ဘူး။ တနည်းအားဖြင့်ပြောရရင် အချစ်အများစုဟာ ရိုးစင်းတဲ့ဘဝ၊ ဆင်းရဲဒုက္ခဒဏ်ကို မခံနိုင်ကြဘူး။ နောက်ဆုံးမှာ ချို၊ ချဉ်၊ ငန်၊ စပ်အရသာတွေပျောက်ပြီး ဆားပဲကျန်ခဲ့တော့တယ်။ ဆားရဲ့အပေါ့အငန်ကို ကိုယ်တိုင်ပဲသိတော့တယ်။ ဒါဟာ ဘဝထဲက ဆား၊ ဘဝထဲက အချစ်ဖြစ်တယ်။

ဆားဟာ ချက်ပြုတ်ရမှာ အသုံးဝင်သလို တခြားနေရာမှာလည်း အသုံးဝင်သေးတယ်။ ထင်းမီးထဲ ဆားအနည်းငယ်ဖြူးထည့်ရင် မီးတောက်တွေ ပိုပြင်းလာတတ်တယ်။ တကယ်လို့ ဘဝဟာ သိပ်ရိုးစင်းလွန်းတယ်ထင်ရင် ဆားအနည်းငယ် ဖြူးထည့်လိုက်ပါ။ အချစ်တစ်ခုက သင့်ဘဝကို စိတ်လှုပ်ရှားပျော်ရွှင်စရာတွေ ပေးကောင်းပေးနိုင်ပါလိမ့်မယ်။

တကယ်လို့ အိမ်ပတ်ဝန်းကျင်မှာ မြက်ရိုင်းတွေ ထူထပ်နေခဲ့ရင် ဆားဖြူးထည့်လိုက်ပါ။ ဆားတွေဟာ မြက်ရိုင်းတွေကို သေစေပါတယ်။ အချစ်ဆိုတာ စိတ်တသမတ်တည်းထားသလို တကိုယ်ကောင်းလည်းဆန်ပါတယ်။ စိတ်ရိုင်းတွေဟာ သင့်အချစ်ကို ဝါးမြိုသွားတတ်ပါတယ်။ အဲဒီအခါမှာ ဆားဖြူးဖို့ မမေ့ပါနဲ့။

ကြက်ဥပြုတ်ချိန်မှာ ဆားအနည်းငယ်ထည့်ပေးရင် ကြက်ဥခွံတွေ မကွဲတတ်တော့ပါဘူး။ အချစ်ဆိုတာလည်း ကြက်ဥခွံနဲ့တူပါတယ်။ ဂရုတစိုက်နဲ့ ကာကွယ်ပေးရပါတယ်။ အချစ်တွေ မကွဲအက်ဖို့ ဆားထည့်ဖို့ မမေ့ပါနဲ့။

ချောင်းတွေ မပြတ်ဆိုးပြီး အသက်ရှုရကြပ်ခဲ့ရင် ရေထဲဆားထည့်ပြီး ပလုတ်ကျင်းနိုင်ပါတယ်။ ထမင်းချက်ချိန် ဆားအနည်းငယ် ထည့်ချက်ရင် ထမင်းဟာပိုမွှေးပြီး ပိုနူးညံ့စေပါတယ်။ နေ့တိုင်း ကျွန်တော်တို့အတွက် ထမင်းချက်၊ အဝတ်လျှော်ပေးသူကို ကျွန်တော်တို့ပိုတန်ဖိုးထား မြတ်နိုးသင့်ပါတယ်။ ဒီလိုအသေးအမွှားလုပ်ရပ်တွေက ကျွန်တော်တို့ကို တည်ငြိမ်တဲ့ဘဝတွေ ပေးခဲ့ပါတယ်။ အချစ်ကို ပိုတာရှည်ခိုင်မြဲစေခဲ့ပါတယ်။

ဘဝမှာ ဆားမရှိရင် မဖြစ်သလို အချစ်ဆိုတာလည်း မရှိမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် လူအများက အချစ်ဟာ ပူပြင်းတယ်၊ အချစ်ဟာ လေမုန်တိုင်းဆန်တယ်လို့ မှားယွင်းယူဆတတ်ကြပါတယ်။ ဆားကို တစ်ကြိမ်တစ်ခါပဲ ကျွန်တော်တို့ လိုအပ်တာမျိုးမဟုတ်ပါဘူး။ နေ့တိုင်း နည်းနည်းဆီလိုအပ်ပါတယ်။ အချစ်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ အချစ်ကို ဂရုတစိုက်ပြုစုပျိုးထောင်ပြီး ဖြေးဖြေးချင်း မှီဝဲသင့်ပါတယ်။ နေ့တိုင်း အချစ်နည်းနည်းစီ စုပ်ယူမှ အချစ်ဟာ မဖိတ်မယိုဘဲ နှလုံးသားအထဲထိ စိမ့်ဝင်နိုင်မှာဖြစ်တယ်။

တကယ်လို့ အသည်းကွဲပြီး အချစ်က သင့်နှလုံးသားကို ထိခိုက်စေခဲ့တာဟာ ဒဏ်ရာအနာပေါ် ဆားဖြူးထည့်တာနဲ့ အတူတူပါပဲ။ ဆားဟာ သင့်ဒဏ်ရာကို ပိုနာကျင်စေပါတယ်။ ဒါဟာ မထူးဆန်းပါဘူး။ နာကျင်မှုကို မခံစားရရင် အချစ်ဆိုတာလည်း ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခုသိထားရမှာက ဆားဟာ သင့်အနာကို ပိုနာကျင်စေသလို သင့်အနာကိုလည်း အမြန်ကျက်စေပြီး သင့်ကို အသစ်တဖန် ပြန်စစေတဲ့ အခွင့်အရေးပေးပါတယ်။

No comments:

Post a Comment